ပေါက်ခေါင်းမြို့နယ်တွင် (၃၉)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပေါက်ခေါင်း ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ထူးချွန်စွာ စာဖြေအောင်မြင်တော်မူကြသော သာသနာ့အာဇာနည် ရဟန်း၊ သာမဏေအရှင်သူမြတ်များအား ဆုချီးမြှင့်ပူဇော်မည့် (၃၉)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာစေတီတော်ရင်ပြင် မဟာသန္တာဝါသဓမ္မဗိမ္မာန်တော်၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပေါက်ခေါင်းမြို့ ပညာဇောတာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဦးမဟိန္ဒထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက သာသနာရေးဆိုင်ရာကိစ္စများကို လျှောက်ထားကာ ကြွရောက်လာကြသော ဩဝါဒ‌ဆရာတော်များအား န၀ကမ္မ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် န၀ကမ္မဝတ္ထုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ထို့နောက်အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဠတု" (၃)ကြိမ်ရွတ်ဆိုကန်တော့၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို အောင်မြင်ခဲ့သူ စာအောင်အောင်ဆရာတော် ပထမကြီးတန်း(၂)ပါး၊ ပထမငယ်တန်း(၄)ပါးနှင့် အ‌ခြေပြုမူလတန်း(၅)ပါး စုစုပေါင်းသံဃာ(၁၁)ပါး အောင်မြင်ခဲ့ကြပြီး သံဃာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်များနှင့် အလှုရှင်များက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)