ရွှေတောင် ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင် အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးဦးညွှန့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့်မူးယစ် ဆေးဝါးအန္တရာယ်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က စားသုံးသူနှင့်အဓိပ္ပာယ်၊ ကုန်ညွှန်းအမှတ်အသား (၈)ချက်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်နီလာမြင့်က မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါအကြောင်း၊ တိုင်းရင်းဆေးပညာအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ယင်းနောက် ပြန်/ဆက်ဦးစီးဌာန၊ ရုံးအကူဒေါ်ရွှေဝတ်ရည်တိုးမှ"တို့နဲ့မဆိုင်ဘူး" ခေါင်းစဉ်ဖြင့်ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံ ကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ဆက်)