တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်မြို့ သောင်ကြီးနှင့်အင်းသောင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား (အင်းသောင်ကြီးတံတား) (၃၀၀) ပေ တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေး

ပုသိမ် ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးနှင့် အင်းသောင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား (အင်းသောင်ကြီးတံတား) (၀/၀မိုင်-၀/၄မိုင်) ကြား၊ ကွန်ကရစ်တံတား (၃၀၀) ပေ တည်ဆောက်မည့်နေရာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တံတားစီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့သည်။ အဆိုပါ ဒါးကချောင်းကူးတံတား (အင်းသောင်ကြီးတံတား) အမျိုးအစားမှာ အပေါ်ထည်သံကူကွန် ကရစ်ယက်မ+ကြမ်းခင်း၊ ကိုယ်ထည်သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ အုတ်မြစ် 0.8 Bored pile Foundation၊ တံတားအရှည် ၉၁.၄၄ မီတာ (၃၀၀ ပေ)၊ တံတားခန်းဖွင့်ဖွဲ့စည်းပုံ (၆၀ ပေ × ၅ ခန်း)၊ တံတားအကျယ် ၆.၁ မီတာ (၂၀ ပေ)၊ ရေလမ်းကင်းလွတ်အမြင့် ၁.၈၃မီတာ (၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၄.၆၃ မီတာ (၄၈ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၅.၅ မီတာ (၁၈ ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၁) ပေစီနှင့် ခွင့်ပြုယာဉ်အလေးချိန် HS-20-44 ရှိမည် ဖြစ်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာ အုပ်စု၊ တောက်တဲ့ရိုးကျေးရွာ၌ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဆက်လက် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)