ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးရန်လျာထားပြီး တောင်သူများက သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ဇွန်လဆန်းက စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၀၂၀ ဧက အောင်မြင်စွာ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ လက်ရှိမှာလျာထားတဲ့ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စိုက်ပျိုးပြီးတဲ့ ငှက်ပျောတွေကို အထွက်နှုန်းကောင်းမွန်ဖို့နဲ့ ပိုးမွှားရောဂါမကျရောက်စေဖို့ လိုအပ်တဲ့ စိုက်ပျိုးရေး အသိပညာပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်။ ဒီဒေသမှာ တောင်သူတွေအများဆုံးစိုက်ပျိုးတဲ့ ငှက်ပျောက ဖီးကြမ်းငှက်ပျော၊ ရခိုင်ငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေး စတဲ့ မျိုးတွေကိုစိုက်ပျိုးကြပြီး တစ်ချို့ဆိုရင် လယ်ကန်သင်းတွေမှာပါ စိုက်ပျိုးလာကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ငှက်ပျောစိုက်ပျိုးတောင်သူများအနေဖြင့် မြေတစ်ဧကလျှင် ငှက်ပျောပင် ၁၀၀၀ ခန့်ထိ စိုက်ပျိုးကြပြီး တစ်ဧကလျှင် စိုက်ပျိုးစရိတ် ငွေကျပ်သိန်း ၂၀ ဝန်းကျင်ခန့် ကုန်ကျမှုရှိကာ အသီးသီးချိန်တွင် တစ်ဧကလျှင် ငွေကျပ်သိန်း ၅၀ ခန့်ထိရရှိကြကြောင်း ယခုနှစ်တွင် ငှက်ပျောဈေးကွက် ကောင်းမွန်နေသဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူများကြောင်းလည်း သိရသည်။

ငှက်ပျောကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေရုံမျှမကပိုလျှံမှုကိုပါ ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ငှက်ပျောကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)