ကရသူရိမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

ကရသူရိ ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း‌ကျောင်း၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀နာရီက ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။

‌ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ‌ဒေါ်အေး‌အေးသန်းက မူးယစ်ဆေးဝါးစတင်သုံးစွဲလာရခြင်းနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် လက္ခဏာများ၊မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် လူသားများ၏ အညွှန့်ကိုတုံးစေပြီး မိမိနှင့်မိမိမိသားစု/ မိမိပတ်ဝန်းကျင်၏ အကျိုးစီးပွားများ ထိခိုက်စေခြင်း၊ မူးယစ်‌ဆေးဝါးနှင့်ကျောင်းသား/ သူများ မည်သို့မျှမသက်ဆိုင်စေရေး၊ မူးယစ်ဆေးဝါးဖြတ်တောက်နည်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဟောပြောသည်။

ထို့‌နောက် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးနံရံကပ်ဘုတ်များပြသရာ ကျောင်းသား/သူများ လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ အထက်တန်းအဆင့်ကျောင်းသား/သူ(၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)