စစ်ကိုင်းမြို့၌ ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်း ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အားကစားနှင့် ကာယပညာကော်မတီနှင့် OPK CLUB တို့ ပူးပေါင်း၍ ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ(၄)နာရီအချိန်က စစ်ကိုင်းမြို့၊ ပိုးတန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ သူရ-၄ အသင်းက စည်သူ-၁ အသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲတွင် OPK CLUB ဥက္ကဋ္ဌ ဦးနေလှိုင်ဦးက နေရာအလိုက်အကောင်းဆုံးကစားသမား ဆုများကိုလည်းကောင်း၊ စစ်ကိုင်းခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကိုကိုက ပူးတွဲတတိယဆု ရရှိကြသည့် OPK-A အသင်းနှင့် စည်သူ-၄ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် အားကစားဝတ်စုံများကိုလည်းကောင်း၊ အမှတ်(၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲမှူးဇော်ဝင်းထွန်းက ဒုတိယဆုရရှိသည့် စည်သူ-၁ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် အားကစားဝတ်စုံများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ပထမဆုရရှိသည့် သူရ-၄ အသင်းအား အားကစားဝတ်စုံများ၊ တစ်ဦးချင်းဆုတံဆိပ်နှင့် တံခွန်စိုက်ဆုတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိခဲ့ကြသည့် ကလပ်အသင်းများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စစ်ကိုင်းမြို့မှ ကလပ်အသင်း (၁၂)သင်းက ရှုံး/ထွက်စနစ်ဖြင့် ဗိုလ်လုပွဲအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

နေလင်းအောင်(ပြန်/ဆက်)