ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်

ငဖဲ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ် ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းအားလပ်ချိန်တွင် သုတရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာပေဗဟုသုတတိုးပွားရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ် Youth  Club အဖွဲ့ဝင် မသွယ်သွယ်ဇင်က ၂၀၂၅ ခုနှစ် ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ပါနေညိုယဉ်ရေးသားသည့် ဆင်ခြေပေးရန်မရှိပါ ဆောင်းပါးပါ လူတို့သည် အဆင်မပြေမှုများ၊ အခက်အခဲအတားအဆီးများနှင့် ကြုံတွေ့ရသည့်အခါ ဆင်ခြေပေးတတ်ကြကြောင်း၊ မည်သည့်ကိစ္စတွင်မဆို ဆင်ခြေမပေးဘဲ ကိုယ်တိုင်မဆုတ်မနစ် ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ် Youth Club အဖွဲ့ဝင် မယွန်းအိမ်သူလင်းက ဇလွန်ကျော်ဦးရေးသားသည့် လောကကိုအလှဆင်ပါ ဆောင်းပါးပါ မိမိဘဝတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရင်း မိမိပတ်ဝန်းကျင်၏အကျိုးကိုလည်း ထမ်းဆောင်ရမည်ဖြစ်ကြောင်းနှင့် လောကကိုအလှဆင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို လစဉ်ပုံမှန်ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)