မြိတ် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူးကျင်းပသည့် (၂၂) ကြိမ်မြောက် ပရိယတ္တိသာသနပါလစာမေးပွဲအောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ်ချီးမြှင့်သည့်ဆုနှင်းသဘင်ကို ယမန်နေ့ နေ့လယ်ပိုင်းက ဗုဒ္ဓသာသနာ့ဗိမာန်၌ ကျင်းပသည်။
ဆုနှင်းသဘင်ကို ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက် တည်ကြသည်။
ယင်းနောက် ပရိယတ္တိသာသနာပါလစာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ထုတိသြဘာ မင်္ဂလာကဗျာဖြင့် သိမ်တော်ကြီး ဥပါသိကာအဖွဲ့မှ ရွတ်ဆိုပူဇော်ခဲ့ကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံရည်မှ ပရိယတ္တိသာသနာပါလ စာမေးပွဲကျင်းပရေးနှင့်ပတ်သက်၍ လျှောက်ထားသည်။
ဆက်လက်၍ ပရိယတ္တိသာသနာ့ပါလစာမေးပွဲအောင်မြင်တော်မူကြသည့် သံဃာတော်၊ သာမဏေ၊ သီလ ရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ မှ စာအောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်ချီးမြှင့်ခဲ့ကြပြီး သံဃာတော်များအား ဆရာဆုများ ၊ သြဝါဒါစရိယဆရာတော်ကြီးများနှင့် စာမေးပွဲ ဦးဆောင်ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ဩဝါဒကထာနှင့် လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာယူခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ (၂၂)ကြိမ်မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲတွင် ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း(၁၇)ပါး၊ အခြေပြုမူလတန်း(၄၀)ပါး၊ အခြေခံတန်း(၄၁)ပါး အောင်မြင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )