နတ်မောက် ဇွန် ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သင်းသင်းဝေ ဒုတိယဦးစီးမှူးက လူငယ်ရေးရာဟောပြောကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလနှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် လေ့လာသင်ယူစေချင်ပါကြောင်း ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကိုဖြစ်စေမယ့် စာအုပ်စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း၊ လူငယ်များအတွက် ပညာရေးဟာ အဓိကရည်းမှန်းချက်ဖြစ်ပါကြောင်း၊ လောကနီတိမှာ လူတစ်ယောက်ရဲ့ဘဝကို (၃)ပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာရှာဆိုပြီး ညွန်းထားတာကြောင့် ပထမအရွယ်ဖြစ်တဲ့ သားတို့သမီးတို့အနေနဲ့ ပညာကိုကြိုးစားသင်ယူစေချင်ပါကြောင်းနှင့် မိမိရည်မှန်းထားတဲ့ ဘဝများပိုင်ဆိုင်ရန်အတွက် ကျောင်းစာကိုသင်ယူနေကြပြီး ပြင်ပဗဟုသုတများကို လေ့လာစေချင်ပါကြောင်းနှင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း