နတ်မောက် ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ ပညာသင်ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိက ပညာသင်ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေများအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာတို့က အသီးသီးပေးအပ်ကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသားမီးများ ပညာသင်စရိတ်ထောက်ပံ့မှုမှာ မူလတန်းတစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် (၁၁)ဦး၊ အလယ်တန်းတစ်ဦးလျှင် ငွေကျပ် (၄)သောင်းနှုန်းဖြင့် (၄)ဦး၊ အထက်တန်းတစ်ဦးလျှင် ငွေကျပ် (၅)သောင်းနှုန်းဖြင့် (၅)ဦးနှင့် တက္ကသိုလ်ကျောင်းသားတစ်ဦးလျှင် (၆)သောင်းနှုန်းဖြင့် (၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၁) ဦးအား ပညာသင်ထောက်ပံ့စရိတ်များ ပေးအပ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
မူမူစန်း