မင်းဘူး ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းကာ စိုက်ခင်းများ ရေနစ်မြုပ်သဖြင့် သီးနှံများပျက်စီးကာ ခရမ်းချဉ်သီးဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ရွာသာကျေးရွာ ကိုင်းခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းတွင် ယခင်က ခရမ်းချဉ်သီးဈေး တစ်ပိဿာ ကျပ် ၁၀၀၀/၁၅၀၀ ဈေးသာရှိသော်လည်း၊ ယခုအခါခရမ်းချဉ်သီးဈေး လက်ကား တစ်ပိဿာ ကျပ် ၃၀၀၀၊ လက်လီ တစ်ပိဿာ ကျပ် ၄၀၀၀ ဈေးအထိ တဖြည်းဖြည်းတက်လာရခြင်းမှာ စကုချောင်းဘေး၊ ဧရာဝတီမြစ်လယ်ကျွန်းနှင့် မြေနိမ့်ပိုင်းဒေသများတွင် စိုက်ပျိုးထားသော စိုက်ခင်းများတွင် ရေနစ်မြုပ်ခြင်းကြောင့်ဖြစ်ကြောင်း အခင်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်မှ ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ၎င်းကျေးရွာများမှာ ရွာသာ၊ ကျောက်တန်း၊ ရေမြက်၊ ရေတွင်းကုန်း၊ ရွှေတပင်၊ စကုမြို့ မန်ချောင်းလွင်ပြင်နှင့် မင်းဘူးကျွန်းထဲတွင် အများဆုံးစိုက်ပျိုးကြကာ ခရမ်းချဉ်အပြင် အာလူး၊ မုန်လာ၊ ဘူး၊ ဖရုံ၊ ငှက်ပျော၊ ဆူးပုတ်၊ ကင်ပွန်းချဉ်နှင့် အခြား ဟင်းသီးဟင်းရွက်သီးနှံပင်များလည်း စိုက်ပျိုးကြကြောင်းလည်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)