ကသာ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ ဥဩ(ချယ်ရီမြေ) ရေးသားသည့် “ လှေကားထစ်များ ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး စာရေးဆရာ ဥဩ(ချယ်ရီမြေ) ရေးသားသည့် “ လှေကားထစ်များ ” ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် မောင်သူရစံနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆောင်းပါးနှင့်ပတ်သက်၍ မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကသာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးနှင့် ဒေါ်ငြိမ်းအိအိဖြိုးတို့က "လှေကားထစ်များ ”ဆောင်းပါးအပေါ် သုံးသပ်ဆွေးနွေးကြခြင်းဖြင့် အသိအမြင်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့၏လိုအပ်ချက်များကို သိရှိလာပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့နယ် စာရေးဆရာအသင်း၊ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲလင်းထွန်း(ပြန်/ဆက်)