ဝါးခယ်မ ဇွန် ၁၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အောင်ဇေယျအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်က အမှာစကားပြောကြားရာတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား၊ သမီးများအား အထောက်အပံ့ ဖြစ်စေရေးနှင့် မိဘများ အနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို တာဝန်ထမ်းဆောင်နေစဉ် သား၊သမီးများ၏ ပညာရေးထောက်ပံ့မှု အခက်အခဲ၊ လစ်ဟာမှုများ မဖြစ်စေနိုင်ရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး မိဘများအနေဖြင့်လည်း မိမိ၏ရင်သွေး သားသမီးများကို ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားလေ့ကျင့်နိုင်ဖို့ ပို့ဆောင်ပေးရမည်မှာ မိဘတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန်အတွက် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ခြင်းကို မိမိတတ်နိုင်သည့်ဘက်မှ ပါဝင်ပေးအပ်ခြင်းဖြစ်ကြောင်း၊ နောင်အနာဂတ်ခေါင်းဆောင်များ ဖြစ်ထွန်းပေါ်ပေါက်လာမည့် မျိုးဆက်သစ်လူငယ်များ ဖြစ်သော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ငယ်ရွယ်စဉ်အခါ ပညာရှာရမည့်အရွယ်မှာ ပညာကိုဆုံးခန်းတိုင်အောင် လေ့ကျင့်သင်ကြားရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၏ သား၊ သမီး အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅၅ ဦးအား ပညာသင်စရိတ် ထောက်ပံ့ငွေ၊ ကျောင်းသုံးပစ္စည်းများကိုလည်းကောင်း၊ ရုံးအဖွဲ့ ဝန်ထမ်း ၂၅ ဦးအား ဆန် တစ်အိတ်စီလည်းကောင်း လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဆရာတော်သံဃာတော်များ ပင့်ဖိတ်၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်ခြင်းနှင့် တက်ရောက်လာသော ဝန်ထမ်းနှင့် သား၊ သမီးများအား နေ့လယ်စာ ကျွေးမွေးဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)