နတ်မောက်မြို့နယ် မြို့မဈေးရှိ ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နတ်မောက် ဇွန် ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိနှင့် ဌာန၏ကုန်ညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ မကွေးတိုင်းဒေသကြီး အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ တာဝန်ရှိသူများက ဈေးဆိုင်များ၌ ကုန်ပစ္စည်းရောင်းချသူများလည်း စားသုံးသူများဖြစ်ကြောင်း၊ ဒေသခံဝယ်ယူအားပေးကြသော ပြည်သူများမှာလည်း စားသုံးသူများဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာနမှထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်စေလိုကြောင်း တားမြစ်ထားသောစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကိုလည်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးရောင်းသည့် ဆေးဆိုင်များအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း