မြဝတီ ဇွန် ၁၅
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဇွန်လ (၁၄) ရက်နေ့ နံနက် (၁၀) နာရီတွင် စိုက်ပျိုးရေးဇုန် အမှတ် (၅) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ရပ်ကွက်နေပြည်သူများအနေဖြင့် မိမိတို့၏ အားလပ်ချိန်များတွင် သုတ/ရသ စာအုပ်စာပေတို့ကို လေ့လာဖတ်ရှုသင့်ပါကြောင်း၊ စာအုပ်/စာပေများကို ဖတ်ရှုပါက မိမိတို့၏အသိဉာဏ်ပညာများ ဖွံ့ဖြိုးပြီး အကောင်းအဆိုး၊ အကျိုးအကြောင်းတို့ကို ဝေဖန်ပိုင်းခြားလာနိုင်မှာဖြစ်ကြောင်း ဟောပြောခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပလက်စတစ်သုံးစွဲမှု လျှော့ချရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ဆွေးနွေးဟောပြောခဲ့ကာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်ဟိန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသည် ပြည်သူလူထုတစ်ဦး/တစ်ယောက်ချင်းစီ၏ တာဝန်ဖြစ်၍ လူတိုင်းသတိပြုကြရမည်ဖြစ်ကြောင်း၊ ဆိုလာဘထ္တရီမှတစ်ဆင့် မီးလောင်မှုများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ထားသင့်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ်အမှိုက်ကင်းစင်ရေး ဆောင်ရွက်စို့” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)