အိမ်မဲ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု ပေပင်စုကျေးရွာ အောင်သုခ ဘုန်းကြီးကျောင်းတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို မေလ (၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစတင်မျိုးလွင်တို့က သင်တန်းဆင်းအမှာစကားများကို အသီးသီး အကျယ်တဝင့် ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ဂျူးဟန်နီ ကအမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်ဝါဝင်းထွဋ်က သက်ကြီးဘိုးဘွားထောက်ပံ့မှု၊ ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက်ကလေး ထောက်ပံ့မှုများအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် အဆိုပါသင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူများ၊ သင်ထောက်ကူပစ္စည်းများ၊ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အဆင့်မြင့် အပ်ချုပ်စက်သင်တန်းကို အခြေခံအပ်ချုပ်စက်သင်တန်းတက်ရောက်ပြီးမှ သင်ကြားရခြင်းဖြစ်ပြီး သင်တန်း၌ သင်တန်းသူ (၂၀) ဦး ရှိကာ သင်တန်းနည်းပြ (၁) ဦးမှ မေလ ၁ ရက်နေ့မှစ၍ (၄၅)ရက်ကြာ သင်ကြားခဲ့သည်ဖြစ်ကြောင်း၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေး သင်တန်းများကို စဥ်ဆက်မပြက်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါသင်တန်းတွင် ပထမဆုရရှိသော သင်တန်းသူအား မြို့နယ် ကျေး/လက်ဦးစီးဌာနမှ အပ်ချုပ်စက်အသစ်(၁)လုံးကို ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)