မုံရွာ ဇွန် ၁၅
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃)နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိအသင်းအောင်နိုင်ရေးအတွက် ပြိုင်ပွဲစည်းမျဉ်း/စည်ကမ်း ဉပဒေဘောင်အတွင်းမှ ဇွဲစိတ်ဓါတ်အားအခြေခံပြီး အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် နိုင်ငံတော်မှအား ထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ယောက်ဖြစ်အောင် မြင့်မားသည့် ရည်ရွယ်ချက်ထားပြီး အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် ပြောကြားခဲ့ပြီး ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၃)နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသဓိဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃) နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ရေဦးမြို့နယ်အမျိုးသားအသင်းနှင့် ကျွန်းလှမြို့နယ် အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြပြီး ရေဦးမြို့နယ်အသင်းမှ ကျွန်းလှမြို့နယ်အသင်းအား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃) နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ ၁၄ ရက်မှ ဇွန်လ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း အမျိုးသား ၂၇ သင်း၊ အမျိုးသမီးအသင်း ၂၀ သင်း ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၃၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါပြည်သူ့အားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား သွားရောက်၍ အားပေးစကားပြောကြားပြီး အားကစားသမားများနှင့် နည်းပြများထံ လေ့ကျင့်ရေးအားကစားဝတ်စုံများနှင့် အာဟာရဖြည့်ဓာတ်ဆားထုတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)