မင်းဘူး ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုးများ အဆက်မပြတ်ရွာသွန်းပြီး ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများအတွင်း မိုးရေဝင်ရောက်မှုများကြောင့် နွေနှမ်းနှင့်မိုးနှမ်းသီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများသည် ရေပုတ်ကျေးရွာကွင်းအမှတ် ၁၂၃၇(က)၊ လက်ခုပ္ပင်ကျေးရွာ ကွင်းအမှတ် ၁၂၄၇ နှင့် တောင်မန်းကျေးရွာ ကွင်းအမှတ် ၁၂၉၂ သို့ သွားရောက်ပြီး မြို့နယ်အတွင်း မိုးများ၍ နွေနှမ်းနှင့် မိုးနှမ်းသီးနှံ စိုက်ခင်းများ၌ ရေကြီးနှစ်မြုပ် ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုရက်ပိုင်း မြန်မာနိုင်ငံအတွင်း မုန်တိုင်းဝင်ရောက်မှုအရှိန်ကြောင့် နေရာအနှံ့ မိုးများအဆက်မပြတ်ရွာသွန်းလျက်ရှိပါကြောင်း၊ မိုးများစွာ ရွာသွန်းမှုနှင့်အတူ ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများ ရေကြီးနစ်ပြုပ်ကာ ထိခိုက်ပျက်စီးဆုံးရှုမှု ဖြစ်ပေါ်လျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးမှုဒဏ်ကို ခံနိုင်ရည်ရှိစေရန်အတွက် ဒေသခံတောင်သူများကလည်း သီးနှံစိုက်ပုံစံများကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲကျင့်သုံးပြီး နည်းစနစ်မှန်ကန်စွာ စိုက်ပျိုး လုပ်ကိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လယ်ယာမြေများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်မည်ဆိုပါက မိုးများ၍ ရေကြီးခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန်အတွက် စိုက်ပျိုးရေကို ရယူသုံးဆွဲရာ၌ မိရိုးဖလာကွက်ဆင့်သောက်စနစ်မှ ကိုယ်ပိုင်လယ်ကြားမြောင်း၊ စိမ့်မြောင်း၊ ပါတ်မြောင်းများ တူးဖော်ကျင့်သုံးခြင်းနှင့် ပေါင်ကြီးတင် စနစ်ဖြင့် စိုက်ပျိုးခြင်းများ လုပ်ကိုင်ဆောင်ရွက်နိုင်မှသာ ယခုလိုသီးနှံပျက်စီးဆုံးရှုံးမှုဒဏ်မှ ကင်းဝေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ဒေသခံတောင်သူများ၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ အခက်ခဲနှင့်လိုအပ်ချက် တင်ပြမှုများပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည့် စိုက်ခင်းများ၌ သီးနှံအသစ် အချိန်မီ အစားထိုးစိုက်ပျိုးနိုင်ရေး နည်းပညာများနှင့် ပြန်လည်ကုစားနိုင်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မင်းဘူး (စကု) မြို့နယ်၌ မေလ နောက်ဆုံးပတ်နှင့် ဇွန်လ (ယခုလ) အတွင်း မိုးရွာသွန်းမှုများကြောင့် ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စုမှ စိုက်ကွင်းပေါင်း (၅၇) ကွင်းရှိ တောင်သူပေါင်း ၁၁၅၄ ဦး တို့၏ ဆီထွက်သီးနှံ စိုက်ခင်းများဖြစ်သော နွေနှမ်း ၄၀၁၅ ဧကနှင့် မိုးနှမ်း ၆၇ ဧက စုစုပေါင်း နှမ်းသီးနှံစိုက်ခင်း ၄၀၈၂ ဧကအတွင်း မိုးရေများဝင်ရောက်ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပွားကာ နှမ်းသီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်မှုကော်မတီထံမှ သိရသည်။
မောင်မောင်(မင်းဘူး)