ဘားအံ ဇွန် ၁၅
ကရင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင်ပေါများပြီး မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိသည့်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ ကန်သာယာရေပြင်နှင့်ဇွဲကပင်ခန်းတို့တွင် ရေးဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို လူအင်အား ၄၅၀ ကျော်၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ် ၈ စီး၊ ယာဉ်ယန္တရား ၄၀ စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးရေယာဉ်(၄)စီး၊ တပ်ဖွဲ့ဝင်(၂၀)ဦးဖြင့် ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး အနှေးမောင်း၊ အမြန်မောင်း စွမ်းရည်များ သရုပ်ပြသကာ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြစ်ရေကြီးမှု အခြေအနေကို ပြည်သူအများ သတိပြုမိစေရန် လှည့်လည်နှိုးဆော် သရုပ်ပြကြသည်။
ထို့နောက် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဘားအံမြို့၊ အနိမ့်ပိုင်းရပ်ကွက်များရှိ ရေဘေးသင့် ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ပေးထားသည့် လှေငယ်များဖြင့် သယ်ယူရွှေ့ပြောင်းနေမှု၊ ဘေးလွတ်ရာသို့ ရေယာဉ်များဖြင့် ရှာဖွေကယ်ဆယ်မှု၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ၏ ရှေးဦးသူနာပြုစုပေးမှု၊ ရေယာဉ်များဖြင့် ကယ်ဆယ်လာသော ပြည်သူများအား ကားများ၊ ကူညီကယ်ဆယ်ရေးအသင်းယာဉ်များဖြင့် ယာယီကယ်ဆယ်ရေး စခန်း (ဇွဲကပင်ခန်းမ)သို့ ပို့ဆောင်ပေးမှုတို့အား သရုပ်ပြသခဲ့ကြပြီး စက်လှေတိမ်းမှောက်မှုကြောင့် ရှာဖွေကယ်ဆယ် ရေးရေယာဉ်ဖြင့် ရေနစ်သူအားကယ်ဆယ်မှု၊ ရေငုပ်ဝတ်စုံ (Dive Suit) ဝတ်ဆင်သူ(၄)ဦးမှ ရေငုပ်သရုပ်ပြမှုနှင့် ရေနစ်သူအား ရှာဖွေကယ်ဆယ်မှု၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်(၄)စီးဖြင့် ရောင်စုံကာလာနှင့် ရေပက်သရုပ်ပြမှုတို့ကို သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့ထားရှိသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့ထားရှိသည့် ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများ၊ ယာဉ်/ယန္တရားများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးမည့် ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရေဘေးသဏ္ဍာန်တူရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုတွင် ပါဝင်သရုပ်ပြခဲ့သူ များနှင့်တွေ့ဆုံ၍ ယနေ့သဏ္ဍာန်တူသရုပ်ပြသမှုသည် အမှန်တကယ် ဖြစ်ပေါ်လာမည့်သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန် နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပြီး မိမိတို့၏သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှုရှိစေရန် အစဉ်တစ်စိုက်ကြိုးပမ်း လေ့ကျင့်ထားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးကျရောက်နေစဉ်အတွင်း ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကျန်းမာရေးကိုအထူးအလေးထား ကြစေလိုကြောင်း ပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးကျရောက်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ၏ ကွပ်ကဲရေးရုံး၊ ဆက်သွယ်ရေးရုံး၊ သတင်းနှင့်ပြန်ကြားရေးရုံး၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ စုဖွဲ့ပြင်ဆင်ထားရှိမှု၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးမည့်ပစ္စည်းများ၊ ဇွဲကပင်ခန်းမအတွင်း ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ရေဘေးသဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်သူလူထု(၁၀၀)ဦးအား ကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ကုန်များ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)