ပေါင် ဇွန် ၁၅
မွန်ပြည်နယ်၊ ပေါင်မြိုနယ်၌ စိုက်ပျိုးရာသီတွင် ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနှင့် ကြဲခင်းစနစ်လျော့ချရေးအတွက် မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီက သဲဖြူကုန်းကျေးရွာ ဦးဒါဝတ်၏ လယ်မြေ၌ ပြုလုပ်ရာ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်နှင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တောင်သူများက တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ တိုးပွားလာသောလူဦးရေအတွက် စားရေရိက္ခာဖူလုံမှုရှိစေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ ပေါင်မြို့နယ်အနေဖြင့် ပိုက်ဆံလျော်မျိုးစေ့အပြင်၊ ကျွဲကော၊ ဒူးရင်း၊ ကြက်မောက်၊ မင်းဂွတ်နှင့် အခြားအပင်များကိုလည်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တဲ့အပြင် စပါးမျိုးစေ့ထုတ်ခြင်းကို (၅၀) ဧကနှင့် ခေါင်နှံဖြင့်မျိုးသန့်ပွားခြင်းကို (၁၀) ဧကအတွက် စိုက်ပျိုးသွားမည်ဖြစ်သောကြောင့် လုပ်သားရှားပါးခြင်းပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည့်အတွက် မျိုးစေ့ချကိရိယာဖြင့် တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ ပေါင်မြို့နယ်အနေဖြင့် (Seeder) (၁၉၅) လက်အား ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်သောကြောင့် တောင်သူများ အကျိုးရှိစွာ အသုံးပြုရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်က ခေါင်နှံစနစ်ဖြင့်စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနည်းစနစ်အား ရှင်းလင်းဆွေးနွေးပြီး၊ ပေါင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမြင့်က (Seeder) စနစ်ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့ရာ တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့သည်။ ထို့နောက်ခေါင်နှံစနစ်ဖြင့်စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနှင့် ကြဲခင်းစနစ်လျော့ချရေးအတွက် မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း၊ လက်တွေ့ပြသခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)