ကြံခင်းမြို့၌ အမှိုက်အမျိုးအစား ခွဲခြားခြင်းနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်း အသိပညာပေး ဟောပြော

ကြံခင်း  ဇွန်  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မဟာဘောဂလမ်းရှိ ဈေးတာဝန်ခံရုံး ရှေ့တွင်လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် အခြေခံပညာ​ကျောင်းများတွင် ယမန်နေ့နံနက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်စေရန် အမှိုက်အမျိုးအစား စနစ်တကျခွဲခြားခြင်းနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်က ဈေးတာဝန်ခံ ရုံးရှေ့တွင် ဈေးသူ၊ ဈေးသားများနှင့် ဒေသခံပြည်သူများ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်​တတ်စေရန်အတွက် အမှိုက်စို(Wet Waste) တွင် မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများပါဝင်သည့် အမှိုက်များအား အမှိုက်ပုံးအစိမ်းရောင်တွင်လည်းကောင်း၊ အမှိုက်ခြောက် (Dry Waste) တွင် ခြောက်သွေ့ သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတို သံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန်ပစ်ပစ္စည်းများအား စွန့်ပစ်ရန် အဝါရောင်ပုံးအားလည်းကောင်း၊ ပလတ်စတစ်အမှိုက် (Plastic Waste) အတွက် ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်ပုံးတွင် စွန့်ပစ်ရန်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်များအား အနီရောင်ပုံးတွင် အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဆေးဖြန်းရည်များ စသည့် ဘေးအန္တရာယ်ရှိနိုင်သည့် အရာများအား စွန့်ပစ်ရန်အတွက် ထားရှိကြောင်း ပြောကြားခဲ့ပြီး ဈေးသူ၊ ဈေးသားများက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဝန်ထမ်းများနှင့် အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်များ၊ လူနေအိမ်များမှ ပြည်သူများအားလည်းကောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ၏ မိဘအုပ်ထိန်းသူများအား အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေး ဟောပြောခဲ့သည်။

ကြံခင်းမြို့အတွင်း အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်အတွက် စျေးများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများထားရှိနိုင်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ထံမှ သိရသည်။

ဖြိုးဝေလင်း (ကြံခင်း-ပြန်/ဆက်)