ပေါင်းတည်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ

ပေါင်းတည် ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ရှင်းလင်းခြင်းအခမ်းနားကို စံပြကျေးရွာထူထောင်မည့် ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ၏ ဇီးတောကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က စံပြကျေးရွာထူထောင်ရန် ရွေးချယ်ခံရမှုအတွက်ဝမ်းမြောက်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှောင်ရန်၊ ဆောင်ရန်များကို လမ်းညွှန်အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အဖွဲ့ဝင် (၂) ဦးအေးကျော်က နတ်ပုတီးကျေးရွာ၏ စိုက်ပျိုးမွေးမြူရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နတ်တလင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်နှင်းယုလွင်နှင့်ပေါင်းတည်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်သန္တာဦးရွှေတို့က စံပြကျေးရွာထူထောင်ရေးစီမံကိန်း (SmartVillage) အကြောင်းနှင့် ထိုစီမံကိန်းအတွက် ဒေသခံကျေးရွာပြည်သူလူထုနှင့်အတူ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက စီမံကိန်းအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကြူတောကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များနှင့်နတ်ပုတီးကျေးရွာ ဒေသခံကျေးလက်ပြည်သူ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား (IPRD)