ရွှေတောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးရာသီတွင် မိုးစပါး (၅၈၁၆၃) ဧက လျာထားစိုက်ပျိုးမည်

ရွှေတောင် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန်ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး (၅၈၁၆၃)ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာတွင် မှော်ဘီ(၂)၊ ရတနာတိုး၊ ဗီယက်နမ်၊ ရက် (၉၀) စသည့် စပါးမျိုးများကို ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်/ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလျက်ရှိပြီး (၆၄၄၃) ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

ရွှေတောင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ် သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြသခြင်း၊ သွင်းအားစုများထောက်ပံ့ပေးခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ခြင်းများ၊ စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရန်တောင်သူများအား နည်းပညာပေးခြင်း၊ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် အထွက်နှုန်းမြင့်မားပြီး အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများအား တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးသွားနိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)