မုံရွာမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနား ပြုလုပ်

မုံရွာ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ ပြည်ထောင်စုဈေးကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့်က အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအား ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကို လျှော့ချနိုင်ခြင်းနှင့် ပြန်လည်တီထွင်အသုံးပြုနိုင်ရန်အတွက် အခွင့်အလမ်းအများအပြားရရှိနိုင်ခြင်းတို့အပြင် လူသားတို့နေထိုင်ရာ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုအတွင်း မှီတင်းနေထိုင်သည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ မုံရွာမြို့ ပြည်ထောင်စုဈေးကြီး၌ ကျင်းပပြုလုပ်သည့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများတက်ရောက်၍ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ဈေးသူ/ဈေးသားများ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက မှန်မှန်ကန်ကန် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့် ဈေးသူ၊ ဈေးသားများအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)