ဟိုင်းကြီးကျွန်းမြို့၊ အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟိုင်းကြီးကျွန်း ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော ကျောင်းသား/ ကျောင်းသူများဖြစ်လာစေရန်ရည်ရွယ်၍ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးမှ ယခုလိုအားကစားပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ကစားကြရန် အမှာစကားပြောကြား၍ ပြိုင်ပွဲအခမ်းအနားအား စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ စတင်ယှဉ်ပြိုင်ခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများမှလည်း တစ်ခဲနက်အားပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)