ကော့သောင်း ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက်ပိုင်းက အလက(ခွဲ)အေးရိပ်ငြိမ်(၁) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မေဇင်ဦးက စာဖတ်စွမ်းရည်တိုးတက်စေရန်နှင့် အသိ ပညာ ဗသုတများတိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှူလေ့လာရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည်စုံ၍ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ပညာဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကိုလေ့လာရန်နှင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့် ပြုစုပျိုးထောင်ကြရန်လိုအပ်ကြောင်း ၊စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် သုတ၊ရသစာပေအမျိုးအစားများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက်ကျောင်းသား/သူများက အသိပညာဗဟုသုတရစေသည့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ကြပြီး ဖတ်ရှုခဲ့ကြသည့် စာအုပ်များဖြင့် ဗဟုသုတရရှိစေသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက်ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)