မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးတက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေး ဇွန်  ၁၄

မကွေးတိုင်းဒေသကြီး၊ သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ စုပေါင်း၍ မကွေးတက္ကသိုလ်ဝင်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တာဝန်ရှိသူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့  မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည်  အရေးကြီးပါကြောင်း၊ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာ ပညာသင်ယူခွင်ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ    ဥပဓိရုပ်ကောင်းမွန်ရေးသည် အလွန်အရေးကြီးပါကြောင်း ပြောကြားပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား အချိုရည်၊ မုန့်၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဘူးများ ဝေငှခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း( ပြန်/ဆက်)