ညောင်တုန်းမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ညောင်တုန်း ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန်ရည်ရွယ်၍  သဘာ၀ဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်း (ရေပြင်ရှာဖွေကယ်ဆယ်ရေး)သရုပ်ပြလေ့ကျင့်မှုပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ်အတွင်း၌ ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုး‌ကျော်၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူဦးဆောင်၍ မီးသတ်သန္ဓေနှင့် အရန်တပ်ဖွဲ့၀င် အင်အား(၃၅)ဦးဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအဆင့်ဆင့်တို့ကို ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကြည့်ရှုအား‌ပေးခဲ့သည်။

မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးသုံးပစ္စည်းများကို စနစ်တကျစီစဉ်ထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)