ရေဦး ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် မြို့မရဲတပ်ဖွဲ့နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် ၉ နာရီက မြို့မရဲတပ်ဖွဲ့စခန်းဓမ္မာရုံတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေး ဟောပြောခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့် ပိုးလောက်လန်းများအကြောင်း၊ မိဘပြည်သူများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေးရောဂါ လက္ခဏာတို့၏ ကွာခြားချက်များ၊ သွေးလွန်တုပ်ကွေး ရောဂါကူးစက်နိုင်သည့် နည်းလမ်းများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဆရာမများက ရဲစခန်းအတွင်းရှိ မိသားစုနေအိမ်များသို့ သွားရောက်ကာ ခြင်ပေါက်ပွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်မှု မရှိစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပေးခဲ့သည်။
အလားတူ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းဦးဆောင်၍ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတာဝန်ရှိသူနှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး အောင်မင်္ဂလာရပ်ကွက်အတွင်း ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ တစ်အိမ်တက်ဆင်းဆောင်ရွက်ပေးခြင်း၊ ခြင်ဆေးဖြန်းပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းသန်း