ပွင့်ဖြူ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျစ်ကိုင်းကျေးရွာ၌ နဝမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန် ပုံငွေ ထုတ်ချေးပေးခြင်းကို ဇွန် ၁၃ ရက်၊ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လှကြူနွဲ့နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာတာဝန်ရှိသူ များ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများနှင့် လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလသတ်မှတ်ချက်များ၊ အတိုးနှုန်းသတ်မှတ်ချက်များ၊ ငွေစာရင်းဇယား ပြုစုထိန်းသိမ်းရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်လှကြူနွဲ့က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၁ ဒသမ ၂၅ သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျစ်ကိုင်းကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၅၁ ဦးကို ငွေကျပ် ၂၁ ဒသမ ၁၇ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၆ ဦးကို ငွေကျပ် ၂၉ ဒသမ ၂၁ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုည ဒသမ ၈၇ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၇၉ ဦးကို ငွေကျပ် ၅၁ ဒသမ ၂၅ သန်းအား ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )