သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌” စာဖတ်ခြင်း အနုပညာ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

သာပေါင်း ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဇွန်လ ၁၃ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က စာအုပ်၊စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာများပူးပေါင်း စီစဉ်တင်ဆက်သည့်”စာဖတ်ခြင်း အနုပညာ”စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ် ၏အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍(Book Club)အဖွဲ့ဝင် ဦးစိုးမင်းက“စာဖတ်ခြင်း အနုပညာ”စာအုပ်ပါ စာရေးဆရာကြီး လူထုဦးလှရေးသားသည့်“စာဖတ်တဲ့ အလေ့အထခေါင်းစဥ်”ဖြင့်စာဖတ်ဝိုင်းပြုလုပ်ကြသည်။

စာဖတ်ကြဖို့လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။အချိန်ကုန်ခံပြီး စာဖတ်ရာမှာ အကျိုးရှိအောင် ဖတ်ကြမှဖြစ်မယ်။ တချို့က စာဖတ်တာအင်မတန်နှေးတယ်။ ကောင်းကောင်းလည်း အဓိပ္ပာယ်မပေါ်ဘူး။ တချို့ကမြန်တာကို အဓိကထားလွန်းလို့ ရေးထားတာ ဘာဆိုလိုတယ်ဆိုတာ မိမိရရ မသိဘူး။စာဖတ်တာကို ဘယ်လောက်အကျိုးရှိရှိ ဖတ်နိုင်သလဲဆိုတဲ့ပေတံနဲ့တိုင်းရမယ်။ ဘယ်လောက်များများ ဖတ်သလဲဆိုတာကိုသာ ကြည့်လို့မဖြစ်ဘူး။နောက်ပြီး ဘယ်လိုစာအုပ်မျိုး ဖတ်ဖို့ဆိုတာလဲ စဉ်းစားဖို့လိုပါတယ်။ဘယ်စာအုပ်မျိုးကို အပြီးဖတ်သင့်သလဲ။ နှစ်ခေါက်ဖတ်သင့်တဲ့ စာ အုပ်မျိုးကို တစ်ခေါက်အပြီးဖတ်ဖြစ်အောင် ဖတ်သင့်တယ်ဆိုတဲ့စကားဟာ မှန်တယ်လို့ ယူဆပါတယ်။ အကျိုးရှိရှိစာဖတ်နိုင်ဖို့အတွက် အချက်လေးချက်သတိပြုရပါမယ် စသည်ဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးရာ ဦးဟန်ကြည်(Book Club အဖွဲ့ဝင်)နှင့် ဦးကျော်မြင့်(Book Club အဖွဲ့ဝင်)တို့က အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်လဲ့လဲ့ဝင်းမှ လက်ကမ်းစာစောင်များဖြန့်ဝေပေးကာ ခင်းကျင်းပြသထားသော အသိပညာ‌ပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များကို စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်တို့က စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။

သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ဝါသနာရှင်ပြည်သူများ စာဖတ်သည့်အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့်တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)