မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဧရာဝတီမြစ်ရေဝင်ရောက်မှုအခြေအနေများအား လိုက်လံကြည့်ရှု

မိုးညို ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အနီးရှိ ဧရာဝတီမြစ်နှင့် ဆက်စပ်လျက်ရှိသော မြစ်မခမြစ်/ချောင်းများအတွင်းသို့ ရေများဝင်ရောက်လာပြီဖြစ်သည့်အတွက် ရေဝင်ရောက်မှုအခြေအနေများနှင့် မြစ်ရေအမှတ် ဆောင်ရွက်ထားရှိသည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံကြည်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များက ညောင်ဝိုင်ကျေးရွာအုပ်စုအနီးရှိ နဒီဧရာဆိပ်ကမ်းသာ၌ ရေအမှတ်ဆောင်ရွက်ထားရှိမှုနှင့် ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာပါက ရေဝင်ရောက်နိုင်သည့် ပေါက်ကုန်းအုပ်စု၊ ဗောဓိကုန်းကျေးရွာနှင့် အင်း‌တ္တော်တလုတ်အုပ်စု၊ အင်းတ္တော်တလုတ်ကျေးရွာသို့ ဆက်သွယ်ထားသည့် တာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန်းခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

မိုးညိုမြို့နယ်သည် ဧရာဝတီမြစ်ကမ်းအနီး၌တည်ရှိသည့်အတွက် မြစ်ရေကြီးချိန်တွင် မိုးညိုမြို့နှင့် မြို့နယ်အတွင်းရှိကျေးရွာများသို့ ရေဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ထားသည့်တာများအား ကြံ့ခိုင်မှုရှိစေရန် လိုအပ်သောနေရာများတွင် ရေကာများပြုလုပ်ခြင်း၊  မြေသားတာထောက်ဖြည့်ခြင်း၊ တာ‌ပေါင်ဆင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)