တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်

ထားဝယ် ဇွန် ၁၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ဇွန်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က သဘာဝဘေးအန္တရာယ်များကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးကြန့်ကြာမှုများ၊ အဟန့်အတားများမဖြစ်စေရေးအတွက် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို လူတစ်ဦးတစ်ယောက်ချင်းစီတွင် ရှိသင့်ရှိထိုက်သော တာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးပူးပေါင်းပြီး ညီညွတ်စွာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအဆင့်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် ကော်မတီများ/ အဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ချင်းဆောင်ရွက်၍ မရသည့်အတွက် အတူတကွ လက်တွဲဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းသို့ တက်ရောက်သူများသည် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများဖြစ်သည့်အတွက် မိမိတို့ဌာနအလိုက် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရွက်မှုများ၊ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကောင်းများကို မျှဝေနိုင်ပြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်စေနိုင်သောကြောင့် အကျိုးရလဒ်ကောင်းများရရှိနိုင်သည့် သင်တန်းဖြစ်ကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို မိမိတို့၏လုပ်ငန်းနယ်ပယ်နှင့်ပေါင်းစပ်ပြီး ဌာနအကြား ပူးပေါင်းနိုင်စေရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းတွင် ဌာနဆိုင်ရာသင်တန်းသား (၅၀) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)