ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ခရစ်ကက်နည်းပြ(Level-A)သင်တန်းဖွင့်ပွဲ တက်ရောက်

ဘားအံ ဇွန် ၁၄

ကရင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံ့ရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးအတွက် မြစ်ချောင်းအင်းအိုင်ဆည်တမံ သဘာဝရေပြင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈ နာရီခန့်က တရုတ်လှကျေးရွာ မြစ်ရေတင်စီမံကိန်း၌ သံလွင်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော နှစ်လက်မအောက်ခံအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ ရှစ်သောင်းနှင့် ငါးခုံးမကြီးကောင်ရေ ငါးသောင်း စုစုပေါင်း ငါးကောင်ရေ တစ်သိန်းသုံးသောင်းကို သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ငါးမျိုးစိုက်ထည့်ပွဲ (၇)ကြိမ်ဖြင့် ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေ ငါးသိန်းနှစ်သောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ငါးမျိုးစိုက်ထည့်ပွဲသုံးကြိမ်ဖြင့် ငါးသားပေါက်ကောင်ရေ တစ်သိန်းကိုးသောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၏ အားပေးကူညီမှုဖြင့် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ခရစ်ကက်ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြ(Level-A)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ကရင်ပြည်နယ်လူငယ်စင်တာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ နည်းပြသင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့က တစ်ဦးချင်းမိက်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းကိုတက်ရောက်လာကြသည့် နည်းပြသင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် နည်းပြပိုင်းဆိုင်ရာ ခေတ်မီနည်းစနစ်များ၊ နည်းဥပဒေများကို ကြိုးစားသင်ယူလေ့လာမှတ်သားပြီး မိမိတို့ပြည်နယ်အတွင်းရှိ အားကစားသမားများကို ပြန်လည်သင်ကြားလေ့ကျင့်ပေးသွားကြရန်နှင့် ခရစ်ကက်အားကစားနည်းဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့က အခြေခံပညာကျောင်းများအား ခရစ်ကက်အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ်ကြကာ ခရစ်ကက်နည်းပြ သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရစ်ကက်နည်းပြ သင်တန်းသား/သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)