သရက်ချောင်း ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူမျာအား မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးနွေးဆွေးပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ၊ ရသ စာအုပ်/စာစောင်များခင်းကျင်းပြသရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် ဌေးမောင်က အသိပညာပေးဟောပြောရာ မူးယစ်ဆေးဝါးအန္တရာယ်သည် တိုင်းပြည်၏အနာဂတ်ကို ကြီးမားသည့် ခြိမ်းခြောက်မှုအန္တရာယ်တစ်ခုဖြစ်သောကြောင့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးရဲ့အန္တရာယ်ကို သိရှိနားလည်ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးသုံးရခြင်း အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေပြစ်မှု/ပြစ်ဒဏ်များအကြောင်းရှင်းလင်းခြင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်တိုက်ခိုက်လာသော မူးယစ်ဆေးဝါးအသုံးချမှုများကိုအမြစ်ပြတ်သည်အထိ တိုက်ဖျက်ရာတွင် ကျောင်းသား/သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီကြရန် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်/စာစောင်များအား ခင်းကျင်းပြသထားရာ စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)