ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍  ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့သည် ယနေ့နံနက်ပိုင်းက ဟံသာဝတီဗုဒ္ဓဂါယာ(ရွှေဂူကြီး) ဘုရားဝန်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စေရေး၊ ရေမြေထိန်းသိမ်းကာကွယ်ရေးနှင့် ပြည်သူများအကြား သစ်တောသစ်ပင်များကို ချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရေးတို့အတွက် နှစ်စဉ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သစ်တောသစ်ပင်များတည်ရှိခြင်းသည် ကမ္ဘာကြီးပူးနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးဖြစ်စဉ်များကို လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ သစ်တောသစ်ပင်များသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို စုပ်ယူပြီး လူသားများအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ဓာတ်ငွေ့များကို ထုတ်လုပ်ပေးနေသဖြင့် သဘာဝလေသန့်စင်စက်ကြီးများပင်ဖြစ်ကာ ကုန်းနေ၊ ရေနေ သက်ရှိသတ္တဝါ များ၏ နေထိုင်ကျက်စားမှုကို ထာဝရအထောက်အကူပြုပေးလျက်ရှိကြောင်း၊ စိုက်ပျိုးသည့်သစ်ပင်များအား တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် ပြုစုထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် သစ်ပင်များ ရှင်သန်ကြီးထွားလာမှုနှင့်အတူ ပဲခူးမြို့တော်ကြီးဟာလည်း Green City အဖြစ် ရောက်ရှိလာမှာ မလွဲဧကန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများက သတ်မှတ်နေရာအသီးသီး၌ ငုရွှေဝါ၊ ခရေ၊ ပန်းပိတောက်၊ ကံ့ကော်၊ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ စိန်ပန်းပြာ၊ မယ်ဇယ်၊ ပျဉ်းမ စုစုပေါင်းသစ်ပင် (၁၅၀၀) စိုက်ပျိုးပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးတက္ကသိုလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၏ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ ၂၀၂၅ခုနှစ်၊ မေလမှစ၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဇွန်လနှင့်ဇူလိုင်လအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး သစ်ပင်ပေါင်း (၁၄)သိန်းကျော် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)