ရွှေတောင် ဇွန် ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ရွှေကြာတင်ဘုန်းတော်ကြီးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အေးအေးသန့်မှ သင်တန်းသူတစ်ဦးအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပြီး တက်ရောက်လာသူများ၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ နည်းပြဆရာများနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသူ(၁၅)ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် အမျိုးသမီးဝတ်အင်္ကျီအမျိုးမျိုး၊ ဂါဝန်၊ သုံးလွှာစကပ်၊ လေးလွှာစကပ်၊ ချိတ်စကပ် စသည့်ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၂.၆.၂၀၂၅ ရက်နေ့မှ ၁၁.၇.၂၀၂၅) ရက်နေ့အထိ (၁)လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်သည်။ အလားတူ မွမ်းမံစက်ချုပ်သင်တန်းကိုလည်း (၁၈.၇.၂၀၂၅ ရက်နေ့မှ ၁.၈.၂၀၂၅) ရက်နေ့အထိ (၁၅) ရက်ကြာ ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့်သူ (၅)ဦးအား ဌာနမှတစ်ဦးလျှင် ငွေကျပ် (၁၄)သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)