နတ်တလင်း ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက(၁၁၀၂၆၂)ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် ဆင်းသုခ၊ ရတနာတိုး၊ ဗီယက်နမ်၊ မှော်ဘီ-၃၊ ထိုင်းနှံကောက်၊ ရက်-၉၀ စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ရိုးရိုးပျိုးထောင် စိုက်ပျိုးခြင်း (၃၇၈၈၁)ဧက၊ ဘောင်ပျိုး (၂၉၂၅)ဧက၊ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်း (၆၆၆၉၉)ဧက၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း (၂၇၅၇)ဧက စုစုပေါင်းမိုးစပါးစိုက်ဧက (၁၁၀၂၆၂)ဧကကို စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပြီး စပါးအထွက်နှုန်း တိုးတက်ရေးအတွက် အသုံးပြုသည့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိန်ကိုက်အချိုးကျ ထည့်သွင်းနိုင်ရေး၊ စပါးဆားရည်စိမ်နည်း၊ စပါးဖျက် ပိုးမွှားအန္တရာယ် စနစ်တကျ ကာကွယ်နှိမ်နင်းရေးတို့အတွက် ပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိပြီး အခြားသီးနှံများ စိုက်ပျိုးရာတွင်လည်း တောင်သူများ အခက်အခဲမရှိစေရေးနှင့် နည်းစနစ်များ မှန်ကန်စေရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)