ပြည် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ “အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာမေးခွန်းများ မေးမြန်းဆွေးနွေးပြီး ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်တာဝန်ရှိသူများက စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ၏ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ် သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးကြသည်။
ပြည်ခရိုင်နှင့်မြို့နယ်များတွင် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ်ကို ဌာနဆိုင်ရာရုံးများတွင် ကနဦးစံပြဆောင်ရွက်လျက်ရှိပြီး ခရိုင်အတွင်း တက္ကသိုလ်/ ဒီဂရီကောလိပ်/ သင်တန်းကျောင်းများနှင့် အခြေခံပညာကျောင်းများအပါအဝင် လူမှုပတ်ဝန်းကျင်အသီးသီး၌ စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းကွင်းဆင်းဆောင်ရွက်လျက်ရှိကာ ထိုသို့စနစ်ကျသော အမှိုက်ခွဲခြားစွန့်ပစ်ခြင်းသည် သဘာဝပတ်ဝန်းကျင်၌ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကိုလျှော့ချနိုင်ခြင်း၊ ပလတ်စတစ်အစားထိုးပစ္စည်းများ ပြောင်းလဲအသုံးပြုခြင်းနှင့် ပြန်လည်တီထွင်အသုံးပြုနိုင်ရန် အခွင့်အလမ်းအများအပြား ရရှိနိုင်ခြင်းတို့အပြင် လူသားတို့နေထိုင်ရာ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုအတွင်း မှီတင်းနေထိုင်ကြသည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)