အုတ်ဖို ဇွန် ၁၃
ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒကောင်းမွန်စေရေး စသည့်အကျိုးများ ရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေမြို့သစ်၊ သန္တိသုခဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ယနေ့နံနက် ၇ နာရီက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မိုးနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ အင်အား ၃၅၀ က သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ကံကော်၊ ငုဝါ၊ စိန်ပန်း၊ ပျဉ်းကတိုးနှင့် သက္ကန်းပျိုးပင်ပေါင်း ၃၀၀ ပင်တို့ကို စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)