မိုးညို ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များထံ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်တာဝန်ခံ တောအုပ်ကြီးဦးရဲမြင့်နှင့် ဝန်ထမ်းများက ပျိုးပင်များပေးအပ်ခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၁၆၀)ဦးတို့က ကျွန်း(၂၀၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ ယမနေ(၅၀)ပင်၊ မဟော်ဂနီ(၅၀)ပင်၊ စုစုပေါင်း ပျိုးပင်(၅၀၀)တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်၊ ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)