သာယာဝတီ ဇွန် ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းတည်းဖြတ်နည်းများကို သိရှိနိုင်ရန်ရည်ရွယ်၍ သတင်းရေးသားတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅) ကို သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာယာဝတီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းဖွင့်လှစ်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းလုပ်ဆောင်ရာတွင် ပြည်သူများသို့ အသိပညာပေးခြင်းနှင့် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းအဖြစ် နှစ်ပိုင်းခွဲခြားထားကြောင်း၊ မိမိတို့ဌာနအနေဖြင့် သင်တန်းတက်ရောက်ခြင်းဖြင့် ဝန်ထမ်းများအားလုံး အခြေခံသတင်းရေးသားနည်းကို တတ်မြောက်ရမှာဖြစ်ကြောင်း၊ သတင်းရေးသားရာတွင မှန်ရမည်၊ မြန်ရမည်၊ ထိရောက်မှုရှိရမှာဖြစ်ကြောင်း၊ သတင်းကို သတင်းမှား၊ သတင်းမှန်ခွဲခြားနိုင်ရမှာဖြစ်ကြောင်း၊ မိမိတို့၏ပင်မလုပ်ငန်းကိုလည်း သိရှိဖို့လိုကြောင်း၊ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မေးခွန်းများမေး၍ ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် လက်ပံတန်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် ဇီးကုန်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မာမာဦးတို့က သတင်းရေးသားနည်းဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက် စတင်ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းကို သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးနှင့်မြို့နယ်ရုံးများမှ ဓာတ်ပုံကျွမ်းကျင် -၂ ဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းကို ဇွန်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၂) ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)