ချင်းတွင်းမြစ်၏ ရေနည်းကာလအတွင်း ရေလမ်းအသုံးပြုသူများလိုက်နာရန် ရေစူး ကန့်သတ်ချက်များထုတ်ပြန်

မုံရွာ ဒီဇင်ဘာ ၁၄

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသောရေယာဉ်များ ချင်းတွင်းမြစ်၏ ရေနည်းကာလ များ တွင် လိုက်နာရန် ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ပေးထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ကြောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းထံမှ သိရသည်။

ရေလမ်းကြောင်းအတွင်း ရေယာဉ်မတော်တဆဖြစ်ပွားခြင်းများ မဖြစ်ပေါ်စေရန်၊ မိမိတို့ ရေယာဉ်၏ ဝန်တင် ရေစူးများကို ရေလမ်းကြောင်း အခြေအနေပေါ်မူတည်ပြီး သတ်မှတ် ရေစူး ကန့်သတ်ချက်နှင့် အညီ တင်ဆောင် ခုတ်မောင်းနိုင်ရန် နှစ်စဉ်ရေစူးကန့်သတ်ချက်များကို ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း သိရသည်။


“ရေလမ်းကြောင်းကို အသုံးပြုပြေးဆွဲနေကြသော အဓိကအုပ်စုဖြစ်တဲ့ ကုန်တင်ရေယာဉ်တွေ အနေနဲ့ သတ်မှတ် ရေစူးတွေနဲ့ ကိုက်ညီတဲ့ ကုန်အလေးချိန်ကို တင်ဆောင်ပြေးဆွဲနိုင်ဖို့ နောက်တစ်ခုက ရေလမ်းကြောင်း တလျောက် ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာနဲ့ ခုတ်မောင်းပြေးဆွဲနိုင်စေဖို့ နှစ်စဉ်ရေနည်းကာလမှာ ရေစူး တွေသတ်မှတ် ထုတ်ပြန်ပေးတာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြော သည်။

ရေနည်းကာလအဖြစ် နှစ်စဉ် နိုဝင်ဘာလ(၁၅)ရက်မှ မေလ(၁၅)ရက်အထိ  သတ်မှတ်ထားရာ ၎င်းကာလ အတွင်း ရေစူးသတ်မှတ်ချက်အဖြစ် ချင်းတွင်းဝမှ မုံရွာအထိ ရေအနက် (၃)ပေ၊ မုံရွာမြို့မှ ကလေး၀မြို့အထိ ရေအနက် (၃)ပေ(၃)လက်မ၊ ကလေး၀မြို့မှ ဟုမ္မလင်းမြို့အထိ ရေအနက် (၃)ပေနှင့် ဟုမ္မလင်းမြို့မှ ခန္တီးမြို့ အထိ ရေအနက်(၂)ပေ၊ (၆)လက်မ သတ်မှတ်ကာ ထုတ်ပြန်ထားကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)