လွိုင်ကော် ဇွန် ၁၃
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကယားပြည်နယ်တာဝန်ခံ ဦးခင်မောင်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း နည်းပြဆရာဖြစ်သင်တန်း တက်ရောက်ခဲ့ကြသူများက ထပ်မံ၍ဆင့်ပွားသင်တန်းများ ပို့ချရမည်ဖြစ်သည့်အတွက် အလေးထားကြိုးစားသင်ယူကြရန်မှာကြားလိုကြောင်း၊ မကြာမီ ကျင်းပမည့်ရွေးကောက်ပွဲအား လွတ်လပ်၍တရားမျှတပြီး ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက လက်ခံရယူခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင ကယားပြည်နယ်တာဝန်ခံ ဦးခင်မောင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နည်းပြဆရာဖြစ် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြစ်ပေါ်လာပုံ၊ အသုံးပြုပုံနည်းစနစ်များ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ လက်တွေ့စမ်းသပ်မဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယခုသင်တန်းသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သင်တန်းနည်းပြများက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၅၀)ဦးတို့အား (၁၃.၆.၂၀၂၅)ရက်မှ (၁၄.၆.၂၀၂၅)ရက်ထိ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)