ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးသီးနှံစုံဧက တစ်သောင်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးသီးနှံစုံဧက တစ်သောင်းကျော်အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးသီးနှံစုံစိုက်ဧက (၁၄၀၃၄၅) ဧက စိုက်ပျိုးရန်လျာထားပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေရန်အတွက် ယခုနှစ် ဇွန်လ ပထမပတ်မှ စတင် စိုက်ပျိုးခဲ့ရာ ယနေ့တွင် သီးနှံစုံစိုက်ဧက တစ်သောင်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မိုးသီးနှံစုံစိုက်ဧက (၁၄၀၃၄၅) ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဇွန်လ ပထမပတ်က စတင်စိုက်ပျိုးခဲ့ပြီး ဒီနေ့ထိ သီးနှံစုံစိုက်ဧက (၁၃၉၄၀) ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ သီးနှံအလိုက် သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးကြဖို့နဲ့ တိုးချဲ့စိုက်ပျိုးကြဖို့ တောင်သူတွေကို အသိပညာပေးတာ တွေ၊ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေ၊ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်အောင် ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက မိုးသီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိပြီး ယနေ့အထိ ဖူးစားပြောင်း (၄၁၃) ဧက၊ မိုးပဲတီစိမ်း (၆၂၃၉) ဧက၊ ဆီထွက်သီးနှံ (၃၁၁၆) ဧက၊ ကြံ ၈ ဧက၊ ထန်း (၂၂၂) ဧက၊ ကွမ်း (၅၂) ဧက၊ အခြား စားသုံးသီးပင် (၂၅၉၅) ဧက၊ ပရဆေး (၂၅၇) ဧက၊ ကျွဲနွားတိရစ္ဆာန် အစာပင် (၃၇၇) ဧက၊ စားသုံးခြင်းမပြုသီးနှံ (၆၁၅) ဧက၊ အထွေထွေစားသုံးသီးနှံ (၄၆) ဧက၊ စုစုပေါင်း မိုးသီးနှံစုံ (၁၃၉၄၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် အရည်အသွေးနှင့် အထွက်နှုန်းများ ကောင်းမွန်အောင် စိုက်ပျိုး နိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံသော သီးနှံများကို ရောင်းချနိုင်သဖြင့် ဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဒေသမရွေး သီးနှံများကို နှစ်စဉ် တိုးချဲ့စိုက်ပျိုးနိုင်ရန် ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး( ပွင့်ဖြူမြေ )