ပန်းတနော် ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၉)ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇွန်(၁၃) ရက်နေ့အထိ ကျေးရွာအုပ်စု(၁၄) အုပ်စုမှ တောင်သူဦးရေ (၈၇၅)ဦး၏ စိုက်ဧက (၅၆၁၈)ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကျပ် (၈၄၂၇.၀၀) သိန်း ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် ပုံစံ(၇)အမည်ပေါက်ရှိရမည်ဖြစ်ပြီး မိုးစပါးချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ကတ်ပြားတို့ပါရှိမှသာ စိုက်ပျိုးချေးငွေများ လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မိုးစပါး စိုက်ဧက တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေး ပေးခဲ့ပြီး တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးခဲ့ကြောင်းနှင့် ချေးငွေများကို လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ အသုံးပြုကြရန် လိုအပ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) မန်နေဂျာ ဒေါ်ရီရီဆွေက ပြောသည်။
အဆိုပါချေးငွေများကို မြို့နယ်အတွင်း ကျေးရွာအုပ်စု (၅၃) စုမှ မိုးစပါးစိုက်ဧက စုစုပေါင်း (၃၂၄၉၄) ဧကအတွက် ချေးငွေစုစုပေါင်း ငွေကျပ်(၄၈၇၄၁.၀၀) သိန်းခန့်အား ထုတ်ချေးပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ကျန်ကျေးရွာများအားဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)