နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက် ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းဝေက စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကလေးငယ်များဘဝ စွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/များဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူလေးများမှ မိမိတို့ကြိုက်နှစ်သက်သည့် ကဗျာခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး တာဝန်ရှိသူများမှ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။    

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ မူလတန်းအဆင့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၃၄) ဦးတက်ရောက်ခဲ့သည်။

လှဝင်း