မကွေးမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

မကွေး ဇွန် ၁၃

ယနေ့ ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီက အလျား ၂၀ ပေ၊  အနံ ၉ ပေ ရှိ  “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့” အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းက မကွေး-တောင်တွင်း လမ်းမကြီး၊ မကွေးပညာရေးဒီဂရီ‌ကောလိပ်ရှေ့ (ကြာပန်းအဝိုင်း) တွင် စိုက်ထူဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။

မြေစိုက်ပိုစတာ စိုက်ထူပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ကို၀င်းနှင့် အဖွဲ့ဝင်များက “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့”  အသိပညာပေးမြေစိုက်ပိုစတာအား အမွေးနံသာရည်များ ပက်ဖျန်း၍ဖွင့်လှစ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် လူမှုရေးရာဝန်ကြီးနှင့် တာ၀န်ရှိသူများ စုပေါင်း၍ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေး‌နေ့ဆိုင်ရာ သိကောင်းစရာအကြောင်းများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ပြည်သူများထံ အခမဲ့ဖြန့် ဝေပေးခဲ့​ကြသည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာများကို မကွေးမြို့ အဝေးပြေးယာဥ်ရပ်နားကွင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ အလိုက် စိုက်ထူထားကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်