ကော့သောင်း ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က(ဆယ်မိုင်)ကျောင်း၊ ယမန်နေ့နေ့လယ်ပိုင်းက မူလွန်တာညုံပါဒကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်သူဇာလှိုင်နှင့် ကော့သောင်းမြို့ အမှတ်(၃၄) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲအဖွဲ့မှ ဒုရဲအုပ်စိုးနိုင်ဝင်းတို့က မူးယစ်ဆေးဝါးသုံးစွဲခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလာဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ၊ ပြုပြင်တားဆီးရမည့်နည်းလမ်းများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးအနွယ်ဝင်များဖြစ်ကြသည့် မူးယစ်ဆေးဝါးပစ္စည်းများ၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိလိုသည့်မေးမြန်းမှုများအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)