သာပေါင်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ ဒုရဲအုပ် ဇင်ဝေထွဋ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ အတွင်းရေးမှူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များပူးပေါင်း၍ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သွားလာကြရန်နှင့် တရားမဝင်ကုန်စည်များ ဖြန့်ဖြူးသယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေးစစ်ဆေးခြင်း၊ လိုင်စင်မဲ့ယာဉ်များ မှတ်ပုံတင်ဆောင်ရွက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် မော်တော်ဆိုင်ကယ်စီးနှင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်း မေးသိုင်းကြိုးတပ်ဆင်၍ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ ပြည်သူများယာဉ်အန္တရာယ်ကင်းဝေးစေရေး စိစစ်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး(ပြန်/ဆက်)